အမျိုးသားစီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စက်မှုကဏ္ဍတိုးတက်မှုကို အထောက် အကူပြုနိုင်ရန် အမျိုးသားဓာတ်ခွဲခန်းကို ၂၀၁၃ ခုနှစ်၊ ဧပြီလတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ လိုအပ်သော စက်ပစ္စည်း ကိရိယာများ တပ်ဆင်ခြင်း၊ ဓာတ်ခွဲကျွမ်းကျင်မှု သင်တန်းများဖြင့် လေ့ကျင့်သင်ကြားခြင်းများ ဆောင် ရွက်ခဲ့ပြီး ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုလုပ်ငန်းများကို တိကျမှန်ကန်စွာဆောင်ရွက်ပေးရန် အမျိုးသား ဓာတ်ခွဲခန်းကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန တည်ရှိ ရာ ရန်ကုန်မြို့၊ အမှတ်(၆)၊ ကမ္ဘာအေးဘုရားလမ်းတွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့တွင် စတင်ဖွင့်လှစ် ခဲ့ပြီး ဝန်ဆောင်မှုလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားအဆင့် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ် ရေးဗဟိုဦးစီးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော နိုင်ငံခြားသွင်းကုန် ဓာတုကုန်ကြမ်းပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများ ထောက်ခံချက်ထုတ်ပေးသည့်လုပ်ငန်းစဉ်အတွက် ပြည်ပမှတင်သွင်းသည့် ဓာတုပစ္စည်း များနှင့် ဆက်စပ်ပစ္စည်းများကို သတ်မှတ်ထားသော အရည်အသွေးပြည့်မီမှု ရှိ/မရှိနှင့် အမျိုးအစား မှန်ကန်မှု ရှိ/မရှိတို့ကို ရည်ညွှန်းဓာတ်ခွဲခန်း (Reference Laboratory) တစ်ခုအနေဖြင့် တိုင်းတာ စစ်ဆေး ပေးခြင်းကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိပါသည်။
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနအမျိုးသားဓာတ်ခွဲခန်းသည် သုတေသန ဖွံ့ဖြိုးတိုး တက်မှုနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်နိုင်ရန်အတွက် သိပ္ပံ၊ နည်းပညာ နှင့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇) အား ရေးဆွဲ၍ မဟာဗျူဟာများ ဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ဓာတ်ခွဲနည်းပညာဆိုင်ရာ သင်တန်းများ ရယူခြင်း၊ ဓာတ်ခွဲခန်း ဘေးအန္တရာယ်ကင်းရှင်းစေ ရေးဆိုင်ရာ သင်တန်းများပို့ချခြင်း၊ အရည်အသွေးစစ်ဆေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဓာတ်ခွဲနည်းပညာ ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာလုပ်ငန်းများအတွက် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း များကို လုပ်ငန်းစဉ် များချမှတ်၍ ဆောင်ရွက်လျက်ရှိပါသည်။
မျှော်မှန်းချက်
နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ ဓာတ်ခွဲခန်းတစ်ခုအဖြစ် ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှု လုပ်ငန်းများကို တိကျမှန်ကန်စွာ ဆောင်ရွက်ပေးရန်
ရည်မှန်းချက်များ
• နိုင်ငံခြားသွင်းကုန်၊ ပို့ကုန်ပစ္စည်းများကို သတ်မှတ်ထားသော အရည်အသွေးပြည့်မီမှု ရှိ/မရှိ စစ်ဆေး ပေးခြင်းဖြင့် အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်
• အရည်အသွေးမြင့်မားသော တွင်းထွက်သယံဇာတ အရင်းအမြစ်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး အ တွက် ဓာတ်ခွဲစမ်းသပ်ပေးခြင်းဖြင့် အထောက်အကူပြုရန်
• ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ ရေအရင်းအမြစ် များနှင့် စက်မှုထုတ်ကုန်ပစ္စည်းများ အရည်အချင်းပြည့်မှီစွာ သုံးစွဲနိုင်ရန်အတွက် ဓာတ်ခွဲတိုင်းတာခြင်း များ ဆောင်ရွက်ရန်
• ခေတ်မီဆန်းသစ်သော ဓာတ်ခွဲခန်းကိရိယာများနှင့် ဓာတ်ခွဲနည်းပညာများကို အသုံးပြုပြီး သင်တန်း ပေးခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်
• ဒြပ်ပစ္စည်းသိပ္ပံကဏ္ဍအတွက် အဆင့်မြင့် ဓာတ်ခွဲတိုင်းတာပေးခြင်းဖြင့် သုတေသန ဖွံ့ဖြိုးတိုးတက် ရေးအတွက် အထောက်အကူပြုရန်
• လူနေမှုဘ၀ဘေးကင်းလုံခြုံရေးအတွက် စက်ရုံများ၊အဆောက်အဦးနှင့် လုပ်ငန်းသုံးပစ္စည်းများအား စစ်ဆေးပေးရန်
• ပြည်တွင်းရှိ ဓာတ်ခွဲခန်းများနှင့် ချိတ်ဆက်၍ ဓာတ်ခွဲခန်းကွန်ယက် ဖွဲ့စည်းဆောင်ရွက်ရန်
အမျိုးသားဓာတ်ခွဲခန်းအောက်ရှိဌာနများ
ISO/IEC 17025:2017 အသိအမှတ်ပြု ဓာတ်ခွဲခန်း
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားဓာတ်ခွဲခန်းသည် ရေတွင်ပါဝင် သော Copper, Iron, Manganese, Nickel နှင့် Zinc စသည့် သတ္တုဓာတ်များအား Flame Atomic Absorption Spectrometer (FAAS) ဖြင့် တိုင်းတာခြင်းဆိုင်ရာ ISO/IEC 17025:2017 အသိအမှတ်ပြု ဓာတ်ခွဲခန်း ဖြစ်ပေါ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ထိုင်းနိုင်ငံ Bureau of Laboratory Accreditation, Department of Science Service (BLA-DSS), Ministry of Higher Education, Science, Research and Innovation မှ ပေးအပ်သည့် “CERTIFICATE OF TESTING LABORATORY ACCREDITATION” အသိအမှတ်ပြု လက်မှတ်- Accreditation Number Testing - 0342 အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်နေ့တွင် အောင်မြင်စွာ လက်ခံရရှိခဲ့ပြီးပါသည်။ သို့ဖြစ်ပါ၍ အမျိုးသားဓာတ်ခွဲခန်းသည် ISO/IEC 17025:2017 အသိအမှတ်ပြု ဓာတ်ခွဲခန်းတစ်ခုအဖြစ် ဓာတ်ခွဲတိုင်းတာ ဝန်ဆောင်မှုလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ပေးလျက်ရှိပါသည်။



အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်